ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

လွိုင်ကော် ဇန်နဝါရီ ၂၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက် များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်၊  အခြေခံ ပညာ အထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ယနေ့ခေတ် သည် ဒီမိုကရေစီ ခေတ် ဖြစ်သည်နှင့်အညီ ပြည်သူများ ရွေးချယ်တင်မြောက်သော အစိုးရဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် လျက် ရှိကြောင်း၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း မိမိရပ်ရွာအတွင်းမှာရှိ သည့် ပြည်သူများက ရွေးချယ်ရမည်ဖြစ် သဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ဖွံဖြို့းရေးအတွက် ဦးဆောင် ဦးရွက်ပြုနိုင်သူများကို ဦးစားပေးစဉ်းစား ရွေးချယ် ကြရန်လိုကြောင်း၊ ပြီးစလွယ်ရွေးချယ်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူအားလုံးပါဝင်ပြီး ကိုယ့်ရပ်ရွာအတွက် အမှန်တကယ် ဆောင်ရွက် ပေးနိုင်မည့် သူများကိုသာ ရွေးချယ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် အကူအညီပေး ရေး အဖွဲ့တို့က ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဥပဒေပါ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုများ ဖွဲ့စည်းရေး၊ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အချင်းများ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ခန့်အပ်တာဝန်ပေးခြင်း စသည့် ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေပါ ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ စသည်တို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)