ဒီးမော့ဆို ဇန်နဝါရီ ၂၆
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်ကဖုကျေးရွာ တွင် ယမန်နေ့ နံနက် ၁ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု တစ်စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ ၅ နာရီခွဲက ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနေထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆွေဆွေကျော် တို့က မီးဘေးသင့် အိမ်ထောင်စုတစ်စုမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၂၁) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးအတွက် ငွေကျပ် နှစ်သိန်းနှင့် ဆန်ရိက္ခာ (၇) ရက်စာတို့ကို မီးဘေးသင့်အိမ်ထောင်စုထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)