ထားဝယ် ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကျောက်မဲတောင် နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ယမန်နေ့ည ၉:၃၀ နာရီ အချိန်ခန့်က ထားဝယ်မြို့၊ ကျောက်မဲတောင်ကျေးရွာ အဝင်ဆိုင်းဘုတ် အနီးတွင် ထားဝယ်မြို့ဘက်မှမေတ္တာမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူ ဦးကျော်ကျော်ထွန်း(ခ) ငယ်လေးနှင့် အတူလိုက်ပါလာသည့် ဦးမျိုးဇော်အောင် တို့အား မသင်္ကာဖွယ် တွေ့ရှိ၍ ရပ်တန့်ရှာဖွေစစ်ဆေးရာ WY စိတ်ကြွရူး သွပ်ဆေး ပြား (၅၇၈)ပြား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အလားတူ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဦးစီးသော ပူးပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရ ယမန်နေ့ ညနေ ၃ နာရီခန့်က မြိတ်မြို့၊ တောရကျောင်းရပ်ကွက်၊ ပေါ်တော်မူဘုရားစောင်းတန်းရှေ့တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဦးဇင်လင်းစိုး(ခ)ဖုတ်စိ အား ရှာဖွေစစ်ဆေးရာ WY စိတ်ကြွရူးသွပ်ဆေးပြား(၆၀၀)ပြား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးမေးမြန်းရာတွင် မြိတ်တောင် ရပ်ကွက်၊ မြို့သစ်(၅)ရပ်၊ ရတနာသီရိလမ်းနေ ဦးထွန်းနိုင်(ခ)နောင်ပိန်(ခ)သားပိန် ထံမှ ဝယ်ယူရရှိကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရန် ဆက်လက်ဆောင်ရွက်ရာ ညနေ ၅ နာရီခွဲအချိန်တွင် ဘုရားကိုင်လမ်းဆုံ၌ ထွန်းနိုင်(ခ)နောင်ပိန် အား WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ၎င်းနေအိမ်၌ WY စိတ်ကြွ ရူးသွပ်ဆေးပြား(၁၀၉၈)ပြားနှင့် ဘိန်းစာမှုန့် (၆၃၀)ဂရမ် တို့အား ထပ်မံသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီးအရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)