တနင်္သာရီတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၃၅၁) ဦးအား လူမှုရေးပင်စင် (၃) လစာအတွက် ထောက်ပံ့ငွေပေးအပ်

တနင်္သာရီ ဇန်နဝါရီ ၂၆

တနင်္သာရိတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီး အဘိုးအဘွား(၃၅၁)ဦးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်လအတွက် တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (ပထမ) () လပတ်အတွက် (၃၀၀၀၀) ကျပ်စီအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပ ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်ဝေဝေလွင်မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွာ များအား လူမှုရေးပင်စင် (သုံး) လစာနှင့် အသက် (၁၀၀) နှစ်အထက် အသက်ကြီး အဘိုးအဘွား (၂၅) ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာလ ကုစားမှုအစီအစဉ်အရ သီးခြားထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ဆီကို ထပ်ဆောင်း၍ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဝေဝေလွင်တို့က ကျေးရွာအုပ်စုများမှ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများ စာရင်းအတိုင်း ထောက်ပံ့ငွေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်သည်။ ၎င်း အုပ်ချုပ်ရေးမှူးများက အဘိုးအဘွားများရှိရာ နေအိမ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးကြမည်ဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်ဖြစ်သော ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အတွင်းရှိ အသက်ကြီး အဘိုးအဘွား(၂၈)ဦးကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးဒေါ်ဝေဝေလွင်နှင့်ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ပြီး ထောက်ပံ့ငွေ များ ပေးအပ်ကြကြောင်း၊ စုစုပေါင်းထောက်ပံ့ငွေပေါင်းမှာ (၁၁၂သိန်း ၈၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)