နွားအရေပြားအကျိတ်နာရောဂါ မပြန့်ပွားရေး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သဖြင့် ရောဂါပျောက်ကင်းရန် နွားကောင်ရေအနည်းငယ်သာ ကျန်ရှိဟုဆို

မုံရွာ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာတွင် နွားအရေပြား အကျိတ်နာရောဂါ (Lumpy Skin Disease) ဖြစ်ပွားလျက်ရှိသော နွားများမှအခြားနွားများသို့ ကူးစက်ဖြစ်ပွားခြင်းမရှိပဲ ရောဂါပျောက်ကင်းလာပြီဖြစ်ကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးအောင်ထံမှ သိရသည်။

နွားအရေပြား အကျိတ်နာရောဂါသည် ကာကွယ်နိုင်သည့် ဆေးဝါးမရှိသေးသော်လည်း ကြိုတင်ကာကွယ်မှု အနေဖြင့်  မှက်၊ ခြင်၊ ယင်ပေါက်ပွားရာနေရာများကို ရှင်းလင်းဖယ်ရှားခြင်း၊ နွားခြံများကို သန့်ရှင်းရေး ပုံမှန် လုပ်ဆောင်ခြင်း၊ မှက်ခြင်၊ ယင်များ မလာနိုင်ရန် နွားများအနီး၌ ညနေပိုင်းများတွင် မီးခိုးမှိုင်းတိုက်ပေးခြင်း တို့ကို လုပ်ဆောင် ကာကွယ် ပေးနိုင်မည်ဖြစ်သည်။

“ ကူးစက်မှုကတော့ မှက်ခြင်၊ ယင်၊ အကောင်တွေကိုက်ရာကတဆင့် ကူးစက်တာဖြစ်တယ်၊ ရောဂါဖြစ်တဲ့ နွားကိုကိုက်တဲ့မှက်အကောင်က တစ်ခြားနွားကိုကိုက်မိရင် ရောဂါကူးစက်နိုင် တယ်၊  သေဆုံးမှုကတော့မရှိဘူး၊ ရောဂါဖြစ်တဲ့ နွားတွေကို ပိုးသတ်ဆေးထိုးပေးတယ်၊ အနာကျက်ဆေးတွေသုံးတယ်၊ ထပ်ပြီးကူးစက်မှု မဖြစ်ပွားအောင်လို့ ရောဂါဖြစ်တဲ့ နွားတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့နွားတွေကို မှက်ခြင်ယင်တို့ မကိုက်အောင်လို့ ခြင်မီးထည့်ပေးတာ လုပ်တယ်၊ မှက်ခြင်မလာအောင် ခြင်ဆေးဖျန်းတာတို့ လုပ်ဆောင်ပေးတယ်၊ အခုအချိန်မှာ ရောဂါဖြစ်ပွားတဲ့ နွားတွေကို ကွင်းဆင်းစစ်ဆေး မှုအနေနဲ့ကတော့ အရေးကြီးလို့ တောင်သူက ခေါ်ယူရင် ချက်ခြင်း သွားပြီးကုပေးတယ်၊ ပုံမှန်(၂)ရက်တစ်ကြိမ်၊ (၃) ရက်တစ်ကြိမ်လောက် ကွင်းဆင်းပြီး ရောဂါရဲ့ အခြေအနေကို ကြည့်ရှုတာတို့ ကင်းထောက်တာတို့ကို လုပ်ဆောင် ပေးနေပါတယ် ” ဟု  ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအောင် က ပြောသည်။

နွားအရေပြားအကျိတ်နာရောဂါသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ငါးမောင်း၊ လက္ကပြား၊ နုန်းကြီး၊ မြောင်နှုန်း၊ လက်လှုပ်နှင့် တံခါးရင်းကျေးရွာတို့တွင် ၂၀၂၀-ပြည်နှစ် အောက်တိုဘာလ ပထမပတ်တွင် စတင်ပြီး အကောင်ရေ (၄၀)ခန့်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားလျက်ရှိသော နွားများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်းပြီး ရောဂါကုသရေးနှင့် ကာကွယ်နှိမ်နှင်း ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သဖြင့် ယခုအခါတွင် ရောဂါဖြစ်ပွားသည့် နွားကောင်ရေ (၁၀) ကောင်ခန့်သာ ကျန်ရှိပြီး ကုသရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ပေး လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)