ဖျာပုံမြို့၌ အလှူရှင်များက ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန် ဒုတိယအကြိမ်အလှူငွေ ကျပ်သိန်း(၃၀၀) ကျော်လှူဒါန်း

ဖျာပုံ  ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အလှူရှင်များက နိုင်ငံတော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ဒုတိယအကြိမ် အလှူငွေများလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကိုယနေ့တွင် အလှူရှင်များ၏ နေအိမ်များသို့ လိုက်လံပေးအပ်ခဲ့သည်။

ဖျာပုံမြို့နယ်အနေဖြင့် ကိုဗစ်၁၉ ကာကွယ်ဆေးဝယ်ယူရန် ဒုတိယအကြိမ်အဖြစ် အလှူငွေများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်းကို ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီမှ ဘဏ္ဍာရေးမှူး ဦးကျော်ထွန်းနှင့် အဖွဲဝင်များက အလှူရှင်များ၏ နေအိမ်များသို့ လိုက်လံ၍ဂုဏ်ပြုမှတ်တမ်းများ သွားရောက် ပေးအပ်ခဲ့ကြသည်။

ဖျာပုံမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး ဝယ်ယူရန် ဒုတိယအကြိမ် အလှူငွေများလှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကိုကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်၁၉စည်းကမ်းချက်များနှင့်အညီ အလှူရှင်များ၏ နေအိမ်များသို့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး၊ ဖျာပုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ အလှူ ငွေများ လှူဒါန်းမှုမှာ ပထမအကြိမ်အဖြစ် အလှူငွေကျပ်သိန်း(၁၇၀၀)ကျော်နှင့် ဒုတိယအကြိမ် အဖြစ်လှူဒါန်းသော အလှူရှင်(၆၁)ဦးမှ လှူဒါန်ငွေကျပ်သိန်း(၃၀၀)ကျော် ထပ်မံပေးအပ် လှူဒါန်းခဲ့သဖြင့် စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း(၂၀၀၀)ကျော် လှူဒါန်းခဲ့ကြကြောင်း၊ ဖျာပုံမြို့နယ် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)