ကော့သောင်း ဇန်နဝါရီ ၂၆
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ကော့သောင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက နိုင်ငံတော်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား တနင်္သာရီတိုင်းဒေသကြီးအတွင်း ကော့သောင်း မြို့နယ်အား ပထမအသုတ်အနေနှင့် ထိုးနှံပေးမည်ဖြစ်ရာ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာ များအတွင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းအား ကောက်ယူရာတွင် ရပ်/ကျေး စာရေးဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များမှ ရပ်ကွက်များအတွင်း ကျန်ရစ်မှု မဖြစ်စေရန် ဂရုပြုကောက်ယူနိုင်ရေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင် ပေးကြရေး တိုက်တွန်းပြောကြားပြီး စာရင်းကောက်ယူမှု လုပ်ငန်းများတွင် တွေ့ကြုံရမည့် အခြေအနေများအား ရပ်/ကျေးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇) အုပ်စု ၊ လူဦးရေ (၁၂၈၄၄၂) ဦးနှင့် အသက်(၁၈)နှစ်အထက်လူဦးရေ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၏ စာရင်းအရ (၉၁၂၃၁) ဦးရှိပြီး အိန္ဒိယနိုင်ငံမှ ပေးပို့လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား နိုင်ငံတော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းစတင် ထိုးနှံပေးမည်ဖြစ်ရာ ယမန်နေ့က လေကြောင်းဖြင့် ကာကွယ်ဆေးများ ကော့သောင်းမြို့သို့ စတင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပို့ချလျက်ရှိကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ကျန်းမာရေး ဝန်ထမ်းပေါင်း (၂၄၇၀) ကျော်ကို သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဆေးရုံများတွင် ဇန်နဝါရီလ (၂၇) ရက်နေ့မှ စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ဆက်လက်၍ တိုင်းအတွင်း မြို့နယ်အသီးသီး၏ ရပ်ကွက်နှင့်ကျေးရွာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ကျော်စိုး (ကော့သောင်း)