သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် လှူဒါန်း

သဲကုန်း ဇန်နဝါရီ  ၂၆

နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ထိုးနှံနိုင်ရေး ဆောင်ရွက်လျက် ရှိရာ သဲကုန်းမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ ကာကွယ်ဆေးဝယ်ယူရာတွင် ထည့်ဝင် လှူဒါန်းနိုင်ရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေအလိုက် ရပ်မိရပ်ဖများ၊ စေတနာ့ ဝန်ထမ်း (Volunteer)များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်မှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရာတွင် သဲကုန်းမြို့နယ် အတွင်းရှိ ပြည်သူများက ပါဝင်လှူဒါန်းနိုင်ရေးအတွက် မြို့နယ်အလှူငွေ လက်ခံရေးကော်မတီနှင့် သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဆင်မြှီးဆွဲ၊ ကြို့ပင်သာ(ဝက်ပုတ်) နယ်မြေအလိုက် အလှူငွေ လက်ခံရေး ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ကြသည်။ ဆက်လက်ပြီး မတည်အလှူငွေအဖြစ် စုစုပေါင်း အလှူငွေ (၁၈)သိန်းကျပ်အား အသီးသီးလှူဒါန်းခဲ့ကြရာ မြို့နယ်အလှူငွေလက်ခံရေး ကော်မတီဥက္ကဋ္ဌမှ လက်ခံခဲ့​သည်။

သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိသော ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အလှူငွေများကို တတ်အားသ၍ ထည့်ဝင်လှူဒါန်း ပါဝင်ကြပါရန်နှင့် အလှူငွေများကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့အထိ သက်ဆိုင်ရာ နယ်မြေ အလိုက် အလှူငွေလက်ခံရေး ဆပ်ကော်မတီအသီးသီးထံတွင် ပါဝင်လှူဒါန်းနိုင်ကြ ကြောင်း သိရှိ ရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)