ကော့သောင်း ဇန်နဝါရီ ၂၆
ကော့သောင်းမြို့နယ် စတုတ္ထအကြိမ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေ များ မှန်ကန်စွာ ထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာ ထောက်ပံ့ရေးကြီးကြပ်ရေးအဖွဲ့များသို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများရှိ မိသားစုများ လက်ဝယ်အရောက် မှန်ကန်စွာရရှိနိုင်ရေး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များဖြင့် ထောက်ပံ့ပေးအပ်နိုင်ရေး ထောက်ပံငွေ (၁၉၂၆၄၀၀၀၀) ကျပ် အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများက ကြီးကြပ်ရေးအဖွဲ့(၇)ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇)အုပ်စုရှိပြီး စတုတ္ထအကြိမ်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ပေါင်း ၁၂၄၄၃ စုအား ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ရာ ယခု ထပ်တိုးတင်ပြလာသည့် အိမ်ထောင်စုပေါင်း ၉၆၃၂ စုအတွက် ထောက်ပံ့ငွေများကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ (၇) ဖွဲ့က အခြေခံ လူတန်းစား အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း လိုက်လံထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)