မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများမှ စွမ်းဆောင်ရည်ဆုရရှိသည့်ကျေးရွာများ ဆုချီးမြှင့်ခြင်းနှင့်ကော်မတီအဖွဲ့များ အုပ်စုဖွဲ့ဆွေးနွေးပွဲပြုလုပ်

ပုသိမ်   ဇန်နဝါရီ   ၂၆

ပုသိမ်မြို့ မြက်တိုရပ်ရှိ မြို့နယ်စုပေါင်းရုံးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များ အကြံပြုဆွေးနွေးခြင်းနှင့်စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာ "ပုသိမ်မြို့နယ်တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုနှင့်ကျေးရွာပေါင်း ၂၅၈ ရွာရှိသည့်အနက်မှ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်ကာ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ၂၀၂၀-၂၀၂၁ မှာ စုစုပေါင်း ၆၈ ယူနစ် ကျေးရွာပေါင်း ၈၈ ရွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင်စီမံကိန်းမရရှိသေးသောကျေးရွာပေါင်း ၁၉၇ ရွာ မျှကျန်ရှိနေသေးကြောင်း ၊ ယခုအချိန်ထိ ရန်ပုံငွေဆုံးရှုံးမှုမရှိပဲစီမံကိန်းများဖြစ်သော VDP စီမံကိန်း၊ Cash for Work စီမံကိန်း၊ VRFP စီမံကိန်းများအပြင် အခြားသောရေပေးဝေရေးလုပ်ငန်း၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ကြသည့် စီမံကိန်း ကော်မတီဝင်များနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှဝန်ထမ်းများကို  အထူးပင် ကျေးဇူးတင် ရှိကြောင်း"ပြောကြားခဲ့သည်။                        

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တက်ရောက်လာသူများနှင့်မြို့နယ်များမှ စီမံကိန်းကော်မတီအဖွဲ့များအား Video Conferencing ဖြင့်အမှာစကား ပြောကြားပြီး ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းက မြစိမ်းရောင် စီမံကိန်းနှင့်ပတ်သက်၍ အကြံပြုစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဌေးနိုင်က ကျေးရွာများကို စံပြကျေးရွာများအဖြစ် ရွေးချယ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် စွမ်းဆောင်ရည်ဆုများ ရရှိကြသည့်ကျေးရွာများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ စိုးဝင်းနှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ဆုရရှိကြသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မြင့်ဟန်(ပုသိမ်ခရိုင်ပြန်ဆက်)