မြဝတီ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ ၅ လမ်းရှိ မနှင်းဝေထွန်း၏ ရွှေမန္တလေး နာနတ်ဝိုင် ပုလင်းသွတ်အလုပ်ရုံတွင် နာနတ်ဝိုင်များ သိုလှောင်ထားရာအခန်း ယနေ့ နံနက် ၁၀နာရီ မိနစ် ၂၀ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား မြဝတီခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များကပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ်များ၊ မီးသတ် ရေသယ်ယာဉ်များဖြင့် မီးငြိမ်းသတ်ရာ ၁၀နာရီ ၄၈ မိနစ် အချိန် တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားရာသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုသည် ဝရန်တာတပ်ဆင်ရန် ဝရိန်ဆော်ရာမှ မီးပွားများ စက္ကူဖာပေါ်သို့ကျပြီး မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူ၊ တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူ စိုးနိုင်မိုးအား မြဝတီမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ထိန်လင်းအောင်(ပြန်/ဆက်)