ကော့သောင်း ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက် လျက်ရှိရာ မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအား ရယူ စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းအပြင် ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်ပါရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက် များကို စနစ်တကျလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)