မေတ္တာမြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များစွန့်ပစ်နေရာ စနစ်တကျသတ်မှတ်ရေး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်း

မေတ္တာ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မေတ္တာမြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များ စွန့်ပစ်နေရာ စနစ်တကျ သတ်မှတ်ရေးအတွက် ရည်ရွယ်၍ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကမေတ္တာမြို့ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ မြို့ဦးစီးမှူး ဦးတင်အောင်လတ်တို့က နွေရာသီ ပူပြင်း ခြောက်သွေ့လာသည်နှင့်အမျှ အမှိုက်ကြောင့် ဖြစ်ပေါ် တတ်သည့် မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့သန့်ရှင်းသာယာ လှပရေး အတွက် အမှိုက်များစွန့်ပစ်နေရာ စနစ်တကျ သတ်မှတ်နိုင်ရေးတို့အတွက် ဒေခံရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ဦးဆောင်သောအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက အမှိုက် စွန့်ပစ်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နန်းခလိုက်