ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အသိပညာပေးဆွေးနွေး

လိပ်သို ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြန်လည်ရွေးချယ်ရာတွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ပြည်သူ များအား သိရှိစေရန်နှင့်  မှန်ကန်သော ရွေးချယ်မှုများ ရရှိစေရန်အတွက်  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ က လိပ်သိုမြို့ အမှတ်(၁)ရပ်ကွက်၊ လိပ်သိုကြီးကျေးရွာအုပ်စု၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ သာမိုးတောင်ကျေးရွာအုပ်စုနှင့် လ္ဘက်အင်းကြီးကျေးရွာအုပ်စုတို့ အသိပညာပေး ဆွေးနွေးပွဲ များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျေးရွာအုပ်စုအတွင်းရှိ ကြီးကြပ်ရေးအဖွဲ့များ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာ၀န်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ  ရွေးချယ်နိုင်ရေး၊ ရွေးချယ်မှုဆိုင်ရာ လုပ်ငန်းစဉ် အဆင့် ဆင့်၊ အုပ်ချုပ်ရေးမှူးတွင်ရှိရမည့် အရည်အချင်းများကို ဥပဒေနှင့်အညီ ရှင်းလင်းဆွေးနွေး ပေးခဲ့ပြီး  လာရောက်ကြသည့် ကျေးရွာပြည်သူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းကာ  တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)