ရွှေဘို ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆီဆုံ ကျေးရွာတွင် စိုက်ဧက (၂၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုကို ယနေ့နံနက် (၈) နာရီက ရွှေဘို ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
ထိုကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက သွားရောက်၍ လမ်းအရည်အသွေးများ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိကို လည်းကောင်း၊ သတ်မှတ်အချိန် အတွင်း ပြီးစီးရေးကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ မိမိတို့နိုင်ငံသည် ကျေးလက်နေပြည်သူအများစု နေထိုင်သော နိုင်ငံဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးမှ နိုင်ငံ ဖွံ့ဖြိုးမည် ဖြစ်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုမ္ပဏီများအနေဖြင့် ရေရှည်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ဆီဆုံကျေးရွာ ကုန်ထုတ်လမ်းကို ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ကျပ်(၃၃.၅) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော အောင်သိဒ္ဓိမင်းကုမ္ပဏီမှ အရှည်(၃၃၀၀)ပေ အကျယ် ၁၂ပေ၊ အမြင့် ၂ပေ မြေသားခင်းခြင်း၊ ၎င်းအပေါ် ထု( ၉)လက်မ ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ထိုလမ်းပေါ်ရှိ အရှည်(၈)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၅)ပေရှိ Box Culrvert ဆောင်ရွက်လျက်ရှိကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအေး ထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)