ငပုတော ဇန်နဝါရီ ၂၆
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက်များကို ငပုတောမြို့နယ်အတွင်းမှ ပြည်သူများ သိရှိနိုင်စေရန်အတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းခိုင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ငါးလုပ်ငန်းဦးစီးဌာန ရုံးဝန်းနှင့် ရုံးရှေ့တို့၌ အသိပညာ ပေးဗီနိုင်းပိုစတာများကို စိုက်ထူခဲ့ကြသည်။
အဆိုပါအသိပညာပေးပိုစတာတွင် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပမျိုးစိတ်အလှမွေးငါး (ပီးကော့)၊ စုပ်ခွက်ငါး (သို့မဟုတ်) လေယာဉ်ပျံငါးများကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝမြစ်ချောင်း၊ အင်း၊ အိုင်များသို့ လွှတ်ခြင်းစသည်တို့ကို မပြုလုပ်ကြရန် သတိပေးတားမြစ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက် လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရအရေးယူခံရ မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းနှိုးဆော် ဖော်ပြထားသည်။
လှမင်းထွဋ်(ပြန်/ဆက်)