ကြို့ပင်ကောက် ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကျွဲဘိကျေးရွာရှိ နေအိမ် ၉၉ လုံးသည် ကုန်ကျငွေကျပ် ၁၈၇ သိန်းကျော်ဖြင့် ဒီဇင်ဘာလ ပထမပတ်ကတည်းက နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ် မီးသုံးစွဲခွင့် ရရှိနေပြီဖြစ်ကြောင်း ကျေးရွာ မီးလင်းရေး ကော်မတီထံမှ သိရသည်။
ကျွဲဘိကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ငါးနှစ်တိတိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အတိုးရငွေ၏ ငါးဆယ်ရာခိုင်နှုန်း ၇၇ သိန်းကျပ်နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် သိန်း ၁၁၀ တို့ဖြင့်ပူးပေါင်း၍ ကျေးရွာတွင်း (၄၀၀)ဗို့လိုင်း (၄၈၀၀)ပေ၊ ကွန်ကရစ်မီးတိုင် (၄၈)တိုင်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းကို စက်တင်ဘာလက စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ပထမပတ်က မီးသုံးစွဲခွင့်ရရှိခဲ့ကြောင်း ယခုလိုမီးသုံးစွဲခွင့်ရရှိ၍ ကျေးရွာနေပြည်သူ များ အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းငယ်များ တိုးချဲ့လုပ်ကိုင်လာနိုင်ခြင်း လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းတို့ကြောင့် ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအေးကြွယ်က ပြောသည်။
ကြို့ပင်ကောက်မြို့တွင် ကျွဲသေကျေးရွာ၊ ရှားပင်ထကျေးရွာ၊ ဖလံကုန်းကျေးရွာ၊ တောရကျေးရွာ၊ ကျီစုကျေးရွာ၊ ကျွဲဘိကျေးရွာနှင့် ကျွန်းကုန်းလေးကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အတိုးရငွေများဖြင့် ကျေးလက် မီးလင်းရေး လုပ်ငန်းများ ပြီးစီးခဲ့ပြီးဖြစ်၍ လျှပ်စစ်မီး ရယူအသုံးပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)