ကော့ကရိတ်မြို့ ဝဲကင်အံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်

ကော့ကရိတ် ဇန်နဝါရီ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် အင်းရှည်ကျေးရွာအုပ်စု ဝဲကင်အံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ယမန်နေ့နံနက် (၈) နာရီချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ကွန်ကရစ်လမ်းအား ဝဲကင်အံဆရာတော်ဘဒ္ဒန္တသုန္ဒရထံမှ ပရိတ်ရွတ်တရား​တော် နာယူပြီး လူထုဗဟိုပြုစီမံကိန်း လက်ထောက် နည်းပညာမှူး ခွန်သန့်ဇင်မျိုးနှင့်အတူ စီမံကိန်း လုပ်ငန်းအထိမ်းအမှတ် ကျောက်စာတိုင်အား အမွှေးနံ့သာများ ပတ်ဖြန်း၍ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းမှာ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၄၀) နှင့် လူထုထည့်ဝင်ငွေ ကျပ် (၁၀)သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်း အတာအားဖြင့် အရှည် ၁၀၂၀ ပေ x အကျယ် ၁၂ ပေနှင့် အထူ ၆ လက်မ ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထု ဗဟိုပြုစီမံကိန်း မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အကောင် အထည်​ဖော်​ ဆောင်ရွက်​နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် ဝဲကင်အံကျေးရွာမှ အိမ်​ထောင်စု(၁၅၀)စု လူဦး​ရေ (၉၃၀)ဦးတို့အတွက် နှစ်စဉ် ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာ​ပြီဖြစ်ကြောင်း မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ သိရသည်။

ခင်မျိုးဝင်း