ဖောင်းပြင်မြို့နယ်တွင် လယ်မဲ့ယာမဲ့များအတွက် လယ်ယာမြေဧက ၁၀၀ ဖော်ထုတ်ပြီး ခွဲဝေပေးမည်

ဖောင်းပြင် ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဆွတ်နန်းကျေးရွာနယ်နိမိတ်တွင် တိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေကျပ် (၈၅ ဒသမ ၈) သန်းဖြင့် လယ်ယာမြေဧက ၁၀၀ဖော်ထုတ်ပေးကာ လယ်မဲ့ယာမဲ့များအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့လယ်ယာမြေများ ဖော်ထုတ်နိုင်ရေးအတွက် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ အမှတ်(၂) တိုင်းဒေသကြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောနှင့် ကသာခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖောင်းပြင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာဝန်ယူ ဆောင်ရွက်မည့် ကုမ္ပဏီက တာဝန်ရှိ သူများက လယ်ယာမြေဖော် ထုတ်ပေးမည့်မြေနေရာ သတ်မှတ်တိုင်း တာခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ လယ်ယာမြေများဖော်ထုတ်ခြင်းကို ချင်းတွင်းရတနာကုမ္ပဏီက တာဝန်ယူဆောင်ရွက် သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ လယ်ယာမြေများ ဖော်ထုတ်ပြီးပါက လယ်မဲ့ယာမဲ့ တောင်သူတစ်ဦးလျှင် ၂ ဧကနှုန်းဖြင့် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း အမှတ်(၂) တိုင်းဒေသကြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

ကိုထွန်း(ဖောင်းပြင်)