ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း ဆွေးနွေး

ပွင့်ဖြူ ဇန်နဝါရီ  ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးရရှိနိုင်မှုအပေါ်မူတည်၍ တစ်နိုင်လုံးအတိုင်းအတာဖြင့် အသက်(၁၈)နှစ် အထက် ဦးစားပေး အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ် အရ လူဦးရေစာရင်းများ ကောက်ယူရာတွင် ကျန်ရှိမှုမဖြစ်စေရေး အတွက် စနစ်တကျ ကွင်းဆင်းကောက်ယူကြစေလိုကြောင်းနှင့် သတ်မှတ်ရက် အတွင်း အပြီးကောက်ယူသွားကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက လူဦးရေ စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေး မှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး  စာရင်းကောက် ယူရေးလုပ်ငန်းအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )