ကော့သောင်း ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်အတွင်းရှိ ပိုးသတ်ဆေးအရောင်းဆိုင်များ၌ အဆိပ်ရှိပစ္စည်းများဖြစ်သည့် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများအား ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေး အသိပညာပေးခြင်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဇော်နှင့်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးတို့အား ဇူလိုင်(၁၅) ရက်မှစတင်၍ (၂) နှစ်ကာလအထိ တားမြစ်ပိတ်ပင်ထားသည့် ပိုးသတ်ဆေးများအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် အဆိုပါပိုးသတ်ဆေးများရှိပါက ဇူလိုင်(၃၁)ရက် နောက်ဆုံးထား၍ နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနသို့အပ်နှံရမည်ဖြစ်ကြောင်း၊ တားမြစ်ပိတ်ပင်ထားသည့် (၂)နှစ်ကာလအတွင်း မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကမျှ မည်သည့်အကြောင်းနှင့်မျှ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖော်စပ်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရ၊ လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ထုတ်ပြန်ချက်များအား ပိုးသတ်ဆေးအရောင်းဆိုင်များ သိရှိနိုင်စေရန်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)