ဘားအံ ဇူလိုင် ၃၀
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာနှင့် လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရကျေးရွာတို့မှ အိမ်ထောင်စုများအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီက နောင်ကမြိုင်ကျေးရွာ ဓမ္မသိင်္ခါရကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်၍ ကျေးရွာမြေငှားဂရန်များ ပြည်သူလက်ဝယ်အရောက် ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏အိမ်ခြံမြေတရားဝင်ပိုင်ဆိုင်မှုသည် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေပေးနိုင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့်အတွက် ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းများဆောင်ရွက်နိုင်ပြီး မြေငှားဂရန်ရရှိထားခြင်းအားဖြင့် ပိုင်ဆိုင်မှုပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း၊ ကျေးရွာမြေအတွင်းပိုင်ဆိုင်မှုအထောက်အထားကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့်တရားဝင်အထောက်အထားဖြစ်သော မြေငှားဂရန်ရရှိခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများ ပိုမိုရရှိလာမည်ဖြစ်ကာ မိမိတို့၏ မြေယာပိုင်ဆိုင်မှုများ အပေါ်အခြေခံ၍ မိသားစုဘဝတိုးတက်မြင့်မားလာစေရေးဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဘားအံမြို့နယ်နောင်ကမြိုင်ကျေးရွာမှ အိမ်ထောင်စု(၃၉၉)စု၊ လှိုင်းဘွဲမြို့နယ်၊ တဝန်ဖန်ရကျေးရွာမှ အိမ်ထောင်စု(၁၈၄)စု စုစုပေါင်း အိမ်ထောင်စု(၅၈၃)စုအား ကျေးရွာမြေငှားဂရန်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြရာ မြေငှားဂရန်လက်ခံရရှိသူ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါကျေးရွာမြေငှားဂရန်များကို သက်ဆိုင်ရာဌာနအသီးသီးက ဧပြီ ၂၀ ရက်မှစ၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် ပြီးစီးရာ ရက်ပေါင်း(၉၇)ရက်ကြာမြင့်၍ ယနေ့ (၁၀)နှစ်သက်တမ်းရှိ ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြေငှားဂရန်လက်ခံရရှိသူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးသည်။
အလားတူ ကရင်ပြည်နယ် ဇွဲကပင်အဆင့်မြင့်ရေကူးကန်ပွဲကြည့်စင်ပါ (၃၈၀ ပေ X ၁၄၀ပေ) တည်ဆောက်ခြင်းလုပ်ငန်း မင်္ဂလာပန္နက်တော်တင်အခမ်းအနားကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ အဆိုပါရေကူးကန်တည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။
ဦးစွာ ဇွဲကပင်အဆင့်မြင့်ရေကူးကန်ကို တာဝန်ယူတည်ဆောက်မည့် ဖူးပွင့်သစ်ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများက ရေကူးကန်တည်ဆောက်မည့်ဒီဇိုင်းနှင့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
အဆိုပါ ဇွဲကပင်အဆင့်မြင့်ရေကူးကန်တွင် ခေါင်မိုးပါ ၁၀ လမ်းသွား ဒိုင်ဗင်ကန်၊ ရေကူးကန်၊ ဘေးပတ်လည် လျှောက်လမ်း၊ အဝတ်လဲခန်း၊ ပွဲကြည့်စင်နှင့် ဈေးဆိုင်ခန်းများပါဝင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၁၀၇၇ သန်းမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအဆင့် ၇၅ ရာခိုင်နှုန်းခွင့်ပြုရန်ပုံငွေကျပ် ၈၃၂၁ သန်းဖြင့် ဖူးပွင့်သစ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)