မကွေး ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တန်ခိုးကြီးရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးတွင် (ဒုတိယ) ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ၌ ဝါဆိုပန်းကပ်လှူကြသူများ၊ ဓမ္မစကြာဒေသနာတော်ရွတ်ဖတ်ပူဇော်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကာ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၌လည်း ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ကြသူများ၊ ဥပုသ်သီတင်း သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းမှစတင်၍ မြသလွန်စေတီတော်မြတ်ကြီးအား ရဟန်း၊ ရှင်၊ လူပြည်သူများက ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီးများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဓမ္မစကြာဒေသနာတော်များကို အလှည့်ကျရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထို့ပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများသည် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခြင်း၊ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းနှင့် စေတီတော်ရင်ပြင်၌ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)