ငဖဲ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဘုရားစေတီဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလအခါသမယ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နှင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းထင်ရှားသည့် ပါရမီတောင်၊ ငှက်ပစ်တောင်၊ ငှက်ကဲကျောက်ဆင့်စသည့် တောင်တော်များရှိစေတီပုထိုးများ၊ ရပ်ကွက်/ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ဓမ္မာရုံများ၊ ဓမ္မရိပ်သာများ၌ ပြည်သူအများ ပန်း၊ ဆီမီး၊ ဆွမ်း၊ ရေချမ်း ကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများခြင်း၊ ဓမ္မစကြာသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းများ ကပ်လှူခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ထိ ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)