ပွင့်ဖြူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရများ စားသုံးနိုင်စေရန်၊ ကိုယ်ကာယကျန်းမာစွာ ပြုမူနေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဇူလိုင် ၃၀ ရက်၊ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အခြေခံပညာကျောင်းသို့ သွားရောက်၍ KG ကျောင်းသားကျောင်းသူများကို အာဟာရရှိသော အစားအစာများ ချက်ပြုတ်၍ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ထိုသို့ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးက ကလေးငယ်တိုင်း ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးစေရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများ မှီဝဲစားသုံးခြင်းဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့် အကျိုးကျေးဇူးများ ၊ အာဟာရဖွံ့ဖြိုးရေး၏ ကျန်းမာရေးအတွက် အရေးပါပုံအကြောင်းအရာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ရန်အချက်များကို ကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေါက်တာရဲလင်းတိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များနှင့် အတူ ကျောင်းသားကျောင်းသူများကို အစာမစားမီနှင့် အစာစားပြီးချိန်တွင် လက်ကိုစနစ်တကျ ဆေးကြောနည်း စနစ်များကို လက်တွေ့သရုပ်ပြသပြီး အာဟာရရှိသော ထမင်း/ဟင်းများနှင့် အသီးအနှံများကို ကျွေးမွေးခဲ့ကြကြောင်း သိရ သည်။
အဆိုပါအာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် ထမင်းဟင်းများ၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးခြင်းခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၅) ကျောင်းမှ KG ကျောင်းသားကျောင်းသူ ၅၂၉ ဦးကို ကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )