ချောက်မြို့နယ်တွင် KG တန်းကျောင်းသား/သူများအား ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရ ကျွေးမွေး

ချောက် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG တန်း ကျောင်းသား/သူများအား ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က‌ ချောက်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၉၁) ကျောင်းမှ KGတန်းကျောင်းသား/သူ (၂၅၈၇) ဦးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးသန်မြိုင်တို့က အ. လ.က (၃) ကျောင်းနှင့် အ.ထ.က (၃) ကျောင်းတို့ရှိ KGတန်း ကျောင်းသား/သူများအား ထမင်း၊ ကြက်သားဟင်း၊ ကုလားပဲဟင်း၊ ကန်စွန်းရွက်နှင့် ပဲပင်‌ကြော် အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းအား အနီးကပ်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်း၍ပူးပေါင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)