မင်းဘူး ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အမှတ် (၃) ရပ်ကွက် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဩဝါဒါစရိယ ရွှေတွင်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တသာသနအရှင်သူမြတ်က (၅) ပါးသီလ ချီးမြှင့်တော်မူခဲ့ပြီး၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့်ဇနီးတို့က စကုမြို့ ကန်ဦးဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်နှင့် ဆရာတော် သံဃာတော်များအား သင်္ကန်းအစုံ (၁၀၄) စုံ၊ ငွေကျပ် ၃၇ သိန်းနှင့် လှူဖွယ်ဝတ္ထုများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မင်းဘူမြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်က အနုမောဒနာတရားဟောကြားပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှတန်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)