ငဖဲ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစဉ်းငုံစိုက်ပျိုးရန် ၄၅၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ ၄၃၅၃ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲစဉ်းငုံကို နှမ်းနှင့်အတူ ရောနှော၍ သီးညှပ်အဖြစ်စိုက်ပျိုးကြပြီး အခြားသီးနှံများထက် စိုက်ပျိုးမှုကုန်ကျစရိတ် သက်သာသည့်အပြင် သီးညှပ်အဖြစ်စိုက်ပျိုးသည့် နှမ်းကို အရင်ရိတ်သိမ်းရပြီး ပဲစဉ်းငုံသီးနှံကို နောက်ကျမှ ရိတ်သိမ်းရသည့်အတွက် သီးနှံနှစ်မျိုးလုံး ဝင်ငွေရရှိကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးသည့်ယာမြေတွင် ၃နှစ်ခန့်သာ စိုက်ပျိုးရပြီး နောက်နှစ်များတွင် အခြားသီးနှံကိုတစ်လှည့်စိုက်ပျိုးရကြောင်း၊ သဘာဝမြေဩဇာနွားချေးနှင့် သွင်းအားစုပစ္စည်းများကို စနစ်တကျထည့်သွင်းစိုက်ပျိုးပါက ပဲစဉ်းငုံအထွက်နှုန်း ပိုကောင်း ကြောင်းနှင့် စိုက်ပျိုးပြီးစီးသည့် ပဲမျိုးများမှာ မုံရွာရွှေဒင်္ဂါး ၂၀၄၄ ဧက၊ ကျွဲခြံရွှေဒင်္ဂါး ၁၆၃၄ ဧက၊ ငါးဆံပဲ ၆၇၃ ဧကနှင့် ရေဆင်း(၁၀) ၂ ဧက စုစုပေါင်း ၄၃၅၃ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကာ ပဲဈေးနှုန်းကောင်းမွန်သည့်အတွက် ပဲစဉ်းငုံသီးနှံကို ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
ငဖဲမြို့နယ်၌ မိုးရာသီ ပဲစဉ်းငုံသီးနှံကို ပင်ဦး၊ ပေါင်းကလေး၊ ဆင်ချည်တိုင်၊ ပဒါန်း၊ ရင့်ရှည်၊ သာယာကုန်း၊ ရင်းရှည်၊ စည်သာ၊ မာန်အောင်၊ ဆူးပဒေါင်း၊ မြစ်ဖျား နှင့် ရှောက်တောင်ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြရာ စုစုပေါင်းစိုက်ဧက ၄၃၅၃ ဧကရှိကြောင်း သိရသည်။
မယု(ငဖဲ)