သရက် ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြီး ပေးအပ်ပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးသူရက နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့်လိုက်နာရမည့် စည်းကမ်းများအား ပြောကြားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကျော်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးကျော်ကျော်နှင့် အမှတ်(၂) ဒေါက်တာညိုဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က အသက် (၁၀) နှစ်ပြည့် ကျောင်းသား (၁၂၇) ဦး၊ ကျောင်းသူ (၁၈၈) ဦး၊ ကျားမပေါင်း (၃၁၅) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)