သာယာဝတီ ဇူလိုင် ၃၀
ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန် မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ကျွဲသတ်ကြီးကျေးရွာ ကျွဲသတ်ကြီးစာသင်ကျောင်းဝန်း၌ မြို့နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈နာရီခွဲက ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးထံသို့ ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သာယာဝတီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်သစ်တော ဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အားစုစုပေါင်းအင်အား (၁၅၀) ခန့်တို့က သတ်မှတ်နေရာ အသီးသီး၌ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ခရေ၊ ကံ့ကော်၊ မဟောဂနီ၊ ကုကက္ကိုလ်၊ စိန်ပန်း၊ ရေတမာနှင့် ပျဥ်းမစသည့်ပျိုးပင် စုစုပေါင်း (၃၀၀) ပင်ကို စနစ်တကျ စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)