ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင် စုစုပေါင်း  ၃၂၄၂ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

ဘားအံ ဇူလိုင် ၂၉

ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးပစ္စည်းလေးပါးအဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်၊အလှူရှင်များစုပေါင်း၍ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (၃၀)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ ကျက်သရေဆောင်သေဋ္ဌမာရ်အောင်ဘုရားကြီး ဂန္ဓကုဋိတိုက်အတွင်း ဝါဆိုဖယောင်းတိုင်အား မီးထွန်းညှိပူဇော်ပြီး သေဋ္ဌမာရ်အောင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင် ဒေသများမှ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်မှ ဘုန်းတော်ကြီး ကျောင်း  ၇၈ ကျောင်း၊ သီလရှင်ကျောင်း ၂၀ မှ သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၂၄၂  ပါး တို့အားဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)