နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနက တိုင်းရင်းဆေးပင်များ၏ ဆေးဖတ်ဝင်အသုံးဝင်ပုံများအကြောင်း အသိပညာပေးဟောပြော

နတ်မောက် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပင်များ၏ ဆေးဖတ်ဝင်အသုံးဝင်ပုံများအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုယဥ်နွဲ့က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းသား/ သူများကိုဂျင်း၊ ရှောက်သီး၊ သက်ရင်းကြီးရွက်၊ ဇီယာရွက်၊ သင်္ဘောရွက်နှင့် တမာရွက်တို့၏ ဆေးဖတ်ဝင်အသုံးပြုနိုင်သည့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူ များ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ မိုရာသီအဓိကဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်းတို့ကို တိုင်းရင်းဆေးဖြင့်သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့လျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသခြင်းများကို မြို့ပေါ်ရှိ စာသင်ကျောင်းများကို လစဥ်နယ်လှည့်ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း