ဂန့်ဂေါ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဂန့်ဂေါမြို့ကျက်သရေဆောင် သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် လုံဟောရွာဦးကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါစာရထံ ရှစ်ပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာသုတ် အစရှိသော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဗုဒ္ဓပူဇာအလှူတော်ငွေ ကျပ်သုံးသိန်းတိတိ/-ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ကပေးအပ်ရာ ရွှေပြည်ဆိပ်ဦးဂေါပကအဖွဲ့မှ လက်ခံရယူ ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် လုံဟောရွာဦးကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါစာရအမှူးပြုသည့် ဆရာတော်သံဃာတော်အရှင်သူမြတ် (၁၅) ပါးအား ဝါဆို သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် ရှုံးရှီကျေးရွာ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာမိထံမှ ရေစက် ချအနုမောဒနာတရားကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ“ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းမှုအစုစုတို့အတွက် ငွေကျပ် (၉၆၈၆၅၀၀/-) အား လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)