မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၇၀၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့် ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယ ရံသီတန်ဆောင်းတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်၍ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်(၉၈)ကျောင်းမှ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ စုစုပေါင်း တန်ဖိုး ငွေကျပ် (၈၆,၆၅၉,၀၀ဝိ/-) သိန်းတို့ကို စုပေါင်း ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေသည်။

ဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ၊ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူသည်။

ဆက်လက်၍ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် လှူဒါန်းမှူအစုစုတို့အား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် လှူဖွယ်ဝတ္ထု ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း လှူဒါန်းငွေကျပ် (၈၆,၆၅၉,၀၀ဝိ/-) သိန်းအား ဖတ်ကြား ကြေညာကာ၊ မြသလွန်သြဝါဒါစရိယ၊ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)