ပဲခူးမြို့ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၂၉

ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၄၄) ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလဆန်း (၁၅) ရက်၊ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သည့် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ သီလရှင်ဆရာကြီးများ၊ ဆရာလေးများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားကို အစီအစဉ် (၁၂)ရပ်ဖြင့်ကျင်းပခဲ့ပြီး တက်ရောက်လာကြသူများက ငါးပါးသီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကို စုပေါင်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးရဲထွန်းက ဓမ္မစကြာအခါတော်နေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဘာသာရေးအသင်းအဖွဲ့များက ဝါဆိုလဘွဲ့ဧကပိုဒ်ရတု၊ ဝါဆိုလဘွဲ့တေးထပ်၊ ပါဠိတော်အနက်၊ ပါဠိတော်ဘာသာပြန် ရှစ်လုံးဘွဲ့ကဗျာများကို စုပေါင်းရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူတော်ငွေများကို ဘာသာရေးအသင်းအဖွဲ့များက ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် အမျှဝေဧကပိုဒ်ရတုဖြင့် စုပေါင်း အမျှဝေ၍ ကုသိုလ်ယူကြသည်။

ထို့ပြင် (၄၄)ကြိမ်မြောက် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲကို ဒုတိယဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှ (၄)ရက်နေ့အထိ နေ့စဉ် ညနေ ၃ နာရီတွင် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဘာသာရေးဝတ်အသင်းများက အလှည့်ကျရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)