တောင်တွင်းကြီးမြို့နယ်၌ ရက်(၁၀၀) “လမင်း”စီမံချက်ဖြင့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေချင်းပြီး ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ဇွန်လ၁ရက်နေ့မှစတင်၍အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၇ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၁၁ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၀၅ ဦးထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ) ၌  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျောင်းရှိ အသက် ၁၀ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများအား ထုတ်ပေးခြင်း လုပ်ငန်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ပြားများအားနေ့ချင်းပြီး အခမဲ့ထုတ်ပေးခဲ့ကြောင်း သိရပြီးကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည်း ဇူလိုင်လ ၃၁ ရက်မတိုင်ခင်အပြီး ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးထံမှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)