မော်လမြိုင်ကျွန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်း (School Meal) ကို အောင်သုခ (အ.မ.က) ကျောင်းနှင့် ၁၄ လမ်း အ.မ.ကကျောင်းတို့၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါကျွေးမွေးပွဲတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင် မောင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာစန်းဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက အောင်သုခကျောင်းနှင့် (၁၄) လမ်းကျောင်းမှ KG ကျောင်းသား/ကျောင်းသူများ အစားအစာစားသုံးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဤအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)