ပွင့်ဖြူ ဇူလိုင်၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇီးကိုင်းကျေးရွာအုပ်စု၊ ကျွန်းပင်စင်ကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၈ ရက်နေ့က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ကော်မတီဝင်(၁၁)ဦးကို ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)