သဲကုန်း ဇူလိုင် ၂၉
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဓမ္မစကြာအခါတော်နေ့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် သံဃာတော်ကြီးများထံမှ ဥပုသ်သီလတရားနာယူသူများ၊ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းလဲလှယ်သူများ၊ သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများနှင့် စတုဒီတာကျွေးမွေးလှူဒါန်းကြသူများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိပြီး၊ စေတီပုထိုးများတွင် ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဘာသာရေးဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်းများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(သဲကုန်း)