မကွေး ဇူလှိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကျက်သရေဆောင်မြသလွန်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ယနေ့နံနက်ပိုင်းတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) နေ့ထူးနေ့မြတ်ဖြစ်လို့ မကွေးမြို့ရဲ့ ကျက်သရေဆောင်မြသလွန်စေတီတော်မြတ်ကြီးမှာ ရပ်ဝေးရပ်နီးက ဘုရားဖူးလာ ပြည်သူတွေနဲ့ အလွန်စည်ကားပါတယ်။ ဘုရားဖူးလာရောက်ကြတဲ့ ပြည်သူတွေကိုလည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဂေါပကအဖွဲ့မှ ကူညီဆောင်ရွက်ပေးပါတယ်။ ဘုရားဖူးပြည်သူတွေဟာ မြသလွန်စေတီတော် မြတ်ကြီးကို ဦးခိုက်ဖူးမြော်ကြည်ညိုကြပြီး ပန်း ၊ ရေချမ်း ၊ ဆီမီးများ ကပ်လှူပူဇော်ကာ အန္တရာယ်ကင်း ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း ၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း ၊ အလှူငွေများ လှူဒါန်းခြင်း ၊ ရင်ပြင်တော်ပေါ်ရှိ နေ့နံဘုရားသို့သွားကာ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပါယ်၍ ကုသိုလ်ပြုခြင်း စသဖြင့် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ကြပါတယ်။ ယခုလို ဘုရားဖူးပြည်သူတွေ လာရောက် တာများတော့ ဘုရားအနီး အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဒေသထွက် ရိုးရာအစားအစာ ပြုလုပ်ရောင်းချတဲ့ ဈေးသည်တွေနဲ့ ဘုရားပန်းသည်တွေ ဈေးရောင်းရလို့ အဆင်ပြေကြပါတယ်"ဟု အဆိုပါ မကွေးမြို့မြသလွန်ဘုရားတွင် ဘုရားပန်း ရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ၊ အခါကြီးရက်ကြီးများတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အလားတူ မင်းဘူးမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သည့် ရှင်ပင်စက္ကိန်းတဲစေတီ ၊ ရှင်မင်းဘူးစေတီ ၊ နဂါးပွက်တောင်တော်နှင့် ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတို့တွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)