လေးမျက်နှာမြို့နယ်တွင်"စက်မှု၊ စိုက်ပျိုး၊ မွေးမြူပညာရေးမှသည် ဒေသဖွံ့ဖြိုးရေးဆီသို့" ခေါင်းစဥ်ဖြင့် တာဝန်ရှိသူများက ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ ဇူလှိုင် ၂၉ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ခမောက်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမများတွင် ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် လေးမျက်နှာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများအား နိုင်ငံတော်မှ ဖွင့်လှစ်ပေးလျက်ရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့လာနိုင်သည့် အခွင့်အရေးနှင့် အလုပ်အကိုင်အခွင့်အလန်းရရှိရေး ဖော်ဆောင်ပေးနေမှုများကို သိရှိနိုင်ရန် "စက်မှု၊ စိုက်ပျိုး၊ မွေးမြူပညာရေးမှသည် ဒေသဖွံ့ဖြိုးရေးဆီသို့" ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးရာ ဟင်္သာတခရိုင် အစိုးရနည်းပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှကြည်၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက အစီအစဥ်ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆွေးနွေး ကြပြီး တိုင်းဒေသကြီးမှ တာဝန်ရှိသူက ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ၏ အရေးပါမှုနှင့် သင်တန်းကျောင်းများသို့ တက်ရောက်သင်ယူခြင်းဖြင့် အရည်အသွေးမြင့် ကျွမ်းကျင်မှုများ ရရှိနိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ သင်တန်းကျောင်းများ၏ သင်ကြားပို့ချမှု စနစ်၊ လက်တွေ့ကျွမ်းကျင်မှုများ ရရှိနိုင်သည့် အားသာချက်များ၊ နိုင်ငံတော်မှ ထည့်သွင်းစဥ်းစားရမည့် လိုအပ်ချက်များကို ဆွေးနွေးပါသည်။ ထို့နောက် တက်ရောက် လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသည် လူငယ်များ၏ အနာဂတ်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုများအတွက် အထောက်အကူဖြစ်စေပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်လှကြည်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာအောင်သူမျိုး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ခိုင်ချိုလွင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

  မြို့နယ်(ပြန်/ဆက်)