ဟိုင်းကြီးကျွန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။
ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများသည် ကုန်းလမ်းရေလမ်းမှ သင်္ဘောများ၊ ကားများဖြင့်လာရောက်ကြပြီး ဘုရားကုန်းတော်အနီးရှိတည်းခိုရိပ်သာများနှင့် ကုန်းတော်အောက်ရှိ ရင်ပြင်တော်ပထမထပ်အတွင်း အနားယူအပန်းဖြေကြပြီး မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဥုပုသ်သတင်းသီလဆောက်တည်ခြင်း၊ အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူ ဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့် အပြင်ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင် ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့်ဘုရား စေတီပုထိုးများအား သွားရောက်ဖူးမျှော်ခြင်း၊ ကျောက်ကလပ်သို့သွားရောက်၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြ သူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့် သည်အထိ နေ့ချင်းပြန် လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများ လည်းရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)