မကွေးတိုင်းဒေသကြီးအစိုးရအဖွဲက ရေနံချောင်းမြို့နယ် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်

ရေနံချောင်း ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေနံချောင်းမြို့နယ် ဧရာဝတီမြစ် ကမ်းပြိုကမ်းစားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် ပင်းဝကျွန်းကျေးရွာမှ ဘေးသင့်အိမ်ထောင်စု (၇၁) စုအား ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းနှင့် အစားသောက်များ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကမ်းပြိုဘေးသင့်ပြည်သူများ စာဝတ်နေရေး အထိုက်အလျောက် အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းက ကမ်းပြိုဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် စုစုပေါင်းငွေကျပ် (၁,၅၇၆,၉၀၀) တန်ဖိုးရှိ (၁)လီတာရေသန့်ဘူး (၇၁) ကတ်၊ ခေါက်ဆွဲခြောက် (၃၀) ဖာနှင့် ခေါက်ဆွဲကြော် (၇၁) ဘူးကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၅၄၅,၀၀၀) ကျပ်ကိုလည်းကောင်း၊ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနက ငွေကျပ် (၅) သိန်းတန်ဖိုးရှိ ကျန်းမာရေးဆိုင်ရာဘက်စုံသုံးဆေးဝါးများကို လည်းကောင်း တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးကြီး(ပြန်/ဆက်)