ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသ

ကျွန်းလှ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၇ နာရီက လယ်လှကျေးရွာ ကွင်းအမှတ် ၂၉၂ တောင်သူ ဦးမျိုးမြင့်၏ လယ်မြေ၌ ကျင်းပသည်။

“ကျွန်းလှမြို့နယ်မှာ မိုးစပါးကို နည်းလမ်းမျိုးစုံနဲ့ စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ အခုလို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာခြင်း၊ လုပ်သားနည်းပါးခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ပေါင်းထိုးတမန်းနှိုးလွယ်ကူခြင်း၊ အထွက်နှုန်းကောင်းခြင်း စတဲ့အကျိုးကျေးဇူးတွေ ခံစားရမည်ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက မျိုးစေ့ချကိရိယာဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ပြသကြရာ ဒေသခံတောင်သူများ လေ့လာကြည့် ရှုကြသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၅၆၉၆ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်အထိ ၂၂၉၂၂ ဧက (၆၄ ဒသမ ၂၁) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ