ကျုံပျော်တွင် ငါးသားပေါက်များ ရှင်သန်ကြီးထွားမှု စစ်ဆေးခြင်းနှင့် ငါးမျိုးများ မွေးမြူခြင်း ဆိုင်ရာ တားမြစ်ချက်များ ဆွေး‌နွေးဟောပြော

ကျုံပျော်  ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက CERP ACTION PLAN အရ ထောက်ပံခဲ့သည့် ငါးသားပေါက်များရှင်သန်ကြီးထွားမှု ကွင်းဆင်းစစ်ဆေးခြင်းနှင့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ တားမြစ်ချက်များ ဆွေး‌နွေးဟောပြောခြင်းကို ဇန်နဝါရီ ၂၄ ရက်က ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုသိမ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင် ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် အဖွဲ့များက အင်းတရော်ကျေးရွာရှိ ငါးမွေးမြူရေးကန်များသို့ကွင်းဆင်းပြီး CERP ACTION PLAN အရ ထောက်ပံခဲ့သည့် ငါးသားပေါက်များရှင်သန်ကြီးထွားမှု အခြေအနေ အသေးစိတ်ကိုစစ်ဆေးပြီး မှတ်တမ်းများရယူ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် အဖွဲ့သည် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအား သဘာဝသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်း ဆိုင်ရာ တားမြစ်ချက်များကို အသေးစိတ်ရှင်းလင်းဟောပြောပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဒေသရင်းမဟုတ်သည့် ငါးမျိုးများဖြစ်သည့် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ အလှမွေးငါး ပီးကော့၊ စုပ်ခွက်ငါး တို့သည် အသားစားကျူးခြင်း၊ ငါး၊ ပုစွန်ငယ်များကို ကြီးမားသောပါးစပ်ဖြင့် လျှင်မြန်စွာ စားသုံးနိုင်ခြင်း၊ မျိုးပြန့်ပွားမှု အဟန့်အတားဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကိုထိခိုက်ခြင်း၊ ဒေသခံတိုင်းရင်းငါးမျိုးများကို ပြန်းတီးစေခြင်း၊ ငါးလုပ်ငန်းရှင်များအရှုံး ပေါ်ခြင်းတို့ကြောင့် မွေးမြူထုတ်လုပ် ရောင်းဝယ်ခြင်းနှင့် သဘာဝ မြစ်၊ချောင်း၊အင်းအိုင်များသို့ လွှတ်ခြင်းများမပြုကြရန် တားမြစ်ထားကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ          အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

နေဝင်းမြင့်(ကျုံပျော်)