ပြည် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့၊ ရွှေကူရပ်ကွက် မြို့နယ် အားကစားကွင်း၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသည့် အသင်းများနှင့် အားကစားသမားများအား ပြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ပထမဆုရရှိသော အ.ထ.က မြောက်နဝင်း အမျိုးသားအသင်းမှ ဆုကြေးငွေ၊ တစ်ဦးချင်း ဆုတံဆိပ်၊ လည်ဆွဲနှင့် ဆုဖလားကိုလည်းကောင်း၊ ပထမဆုရရှိသော အ.ထ.က (၁)အမျိုးသမီးအသင်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ညွှန်ပေါင်းအမျိုးသမီးအသင်းအား မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းဝင်း ကလည်းကောင်း၊ ဒုတိယဆုရရှိသောအ.ထ.က (၁)အမျိုးသားအသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်း ကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
၀ဏ္ဏထွန်း(ပြန်/ဆက်)