ပဲခူး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက်က ပဲခူးမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်များ၏ အသက်မွေးဝမ်းကျောင်း စွမ်းရည်မြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်ကြားပို့ချသည့် ဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူ၍ လက်တွေ့အသုံးချနိုင်သည့် ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်မာသက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းကာလအတွင်း သင်ကြားပို့ ချပေးမည့် ဘာသာရပ်များနှင့် သင်တန်းပြီးဆုံးပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် ကော်မတီဝင် များသည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လျှပ်စစ်ဆိုင်ရာ လက်တွေ့ကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းတွင် လက်သုံးကိရိယာများ အသုံးပြုနည်း၊ လျှပ်စစ်အခြေခံသဘောတရားများ၊ ဝါယာဆိုဒ်တွက်ချက်နည်း၊ တိုက်ရိုက် လျှပ်စီးနှင့် ပြန်လှန်လျှပ်စီးဆိုင်ရာ အခြေခံဗဟုသုတများ၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း လက်တွေ့နည်းစနစ်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)