ဘိုကလေးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့်   မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဘိုကလေး ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာအတွက်  နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြုလုပ်သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ဖျာပုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်ဝင်းလှိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားချောင်းကျေးရွာမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများက စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုနှင့် အဆိုပါစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များရရှိရေး ထုတ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ပိုင်ဆိုင်မှု ပိုမိုခိုင်မာပြီး   အကျိုးကျေးဇူးများစွာရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့သည့် စီမံချက်လုပ်ငန်းတစ်ခုဖြစ်ကြောင်းအမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဘုရားချောင်းကျေးရွာမှ မြေငှားဂရန်လျှောက်ထားမှုတွင် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီအကျုံးဝင်သည့် အိမ်ခြေပေါင်း (၇၂) အိမ်အား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာမြေငှားဂရန်များကို ဒေသခံပြည်သူများ၏ လက်ဝယ်သို့အသီးသီးပေးအပ်ခဲ့ရာ ကျေးရွာပြည်သူများကိုယ်စား ဘုရားချောင်းကျေးရွာသား တစ်ဦးကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)