ပန်းတောင်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နေ့လယ် (၁) နာရီက ငါးဆယ်ပေးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၁) ပဲခူးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ဒေသတွင်း စီးပွားရေးဆိုင်ရာအခက်အခဲလိုအပ်ချက်များကို ပြည်သူများကိုယ်စား လွှတ်တော်တွင် စနစ်တကျတင်ပြတောင်းဆိုပေးမည်ဖြစ်ရာ ပွင့်လင်းစွာတင်ပြဆွေးနွေးရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ပြည်သူ့စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျေးရွာသူ/သားများက မိမိတို့ကျေးရွာအတွက် လိုအပ်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများ၊ လယ်ယာမြေကိစ္စရပ်များ၊ လမ်း၊ တံတား၊ ရေပေးဝေရေး စသည့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ပြီး လတ်တလောဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)