ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုသူများဖြင့်စည်ကား

ပဲခူး ဇူလိုင် ၂၉

ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးမြို့ရှိ ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အပါအဝင် မြို့တွင်းရှိ ဘုရားစေတီအသီးသီး၌ ဥပုသ်သီလဆောက်တည်သူများ၊ တရားဘာဝနာပွားများသူများ၊ ဝတ်ရွတ်ပူဇော်သူများနှင့် ကုသိုလ်ဒါနပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း တွေ့ရှိရသည်။

ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင် ဗောဓိဉာဏ်တော်ရရှိပြီးနောက် ဣသိပတနမိဂဒါဝုန် တော၌ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့သည့် နေ့ဖြစ်သည့်အပြင် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တန်ခိုးပြာဋိဟာ” ဟူသည့် မြတ်ဗုဒ္ဓ၏ ထူးမြတ်သောဖြစ်စဉ်လေးရပ်နှင့် တိုက်ဆိုင်သည့် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များက အလေးအမြတ်ထား၍ ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြသည်။

ယနေ့နံနက်အစောပိုင်းမှစတင်၍ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ အပါအဝင် မြို့တွင်းရှိ ဘုရားစေတီအသီးသီး၌ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် အနီးပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး ဘုရားဖူးပြည်သူများသည် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဘုရားပူဇော်ခြင်းနှင့် ငှက်လွှတ်၊ ငါးလွှတ်ခြင်းစသည့် ကုသိုလ်ကောင်းမှုအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သည် ဗုဒ္ဓသာသနာသမိုင်းတွင် အထူးအရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကြောင့် သာသနာတော် စတင်ထွန်းကားပြန့်ပွားလာသည့် နေ့အဖြစ်လည်း ဗုဒ္ဓဘာသာဝင်များက အစဉ်အဆက် တန်ဖိုးထား သတ်မှတ်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)